Popular Posts

Wednesday, June 29, 2016

IP Address ဖုံးကွယ်ခြင်း နည်းလမ်း ၃ မျိုး


IP Address ဖုံးကွယ်ခြင်း နည်းလမ်း သုံးသွယ်
.
.
အင်တာနက်အပေါ်တွင် လှူပ်ရှားအသက်ဝင်နေသော ကွန်ပြူတာများသည် တိကျသော IP Address များ တနည်းအားဖြင့် ထပ်တူမရှိသော လိပ်စာများဖြင့် သွားလာ လှူပ်ရှားနေကြပါသည်။ ကွန်ပြူတာ တစ်လုံးဆီမှ နောက်ကွန်ပြူတာ တစ်လုံးစီသို့ အချက်အလက်များ ပေးပို့ရာတွင် တိကျသော လမ်းကြောင်း သတ်မှတ်ချက်များပါဝင်ပါသည်။ ထိုလုပ်ဆောင်ချက်များကို IP Address မှ လုပ်ဆောင်ပေးမည် ဖြစ်သည်။ IP Address လို့အကြမ်းဖျဉ်း ပြောလိုက်ပေမယ့် တိကျသော သတ်မှတ်ချက်ပေါင်း များစွာ ထပ်ပေါင်း ပါဝင်ပါသေးတယ်။ ဥပမာ - IP Address က အိမ်နံပါတ် တစ်ခုဖြစ်မယ်ဆိုရင် သူ့မှာ ထပ်ပေါင်းပါဝင်တာက လမ်းအမည် ရပ်ကွက်အမည် မြို့နယ်အမည် မြို့အမည် တိုင်းအမည် နိုင်ငံအမည် စတာတွေဘဲဖြစ်ပါတယ်။
.
ထပ်တူမရှိခြင်းဆိုသည်မှာ ကိုရီးယားနိုင်ငံမှ အချက်အလက်တစ်ခုကို မြန်မာနိုင်ငံ ရန်ကုန်တိုင်း အင်းစိန်မြို့နယ် နက္ခတ်လမ်း အိမ်အမှတ် ၄၇ သို့ စီးဆင်းမည်စိုပါစို့။ အိမ်အမှတ် ၄၇ ဆိုသည်မှာ နိုင်ငံတိုင်းတွင်ရှိနိုင်ပါသည်။ အဲ့ဒီအထဲမှာမှ မြန်မာနိုင်ငံတွင် ရှိသော အိမ်အမှတ် ဖြစ်ရပါမယ်။ နိုင်ငံရပြီးသောအခါ တိုင်းအမည် ကိုရှာပါတယ်။ တိုင်းကတော့ထပ်တူမရှိတဲ့အတွက် ရှာရလွယ်နိုင်ပါတယ်။ မြို့အမည်ကတော့ ထပ်တူရှိနိုင်ပါတယ်။ ဒါပေမယ့် ဖော်ပြပါ တိုင်းထဲတွင်ရှိသော မြို့အမည် ဖြစ်ရပါမယ်။ စသည်ဖြင့် အဆင့်ဆင့် ရှာဖွေသွားပြီး နောက်ဆုံးမှာ လိုချင်သည့် အိမ်နံပါတ်အတိုင်း ရောက်ရှိစေမှာ ဖြစ်ပါတယ်။
.
IP Address တွေက ဘာကြောင့်အရေးကြီးပြီး ဘာကြောင့်ဖုံးကွယ်ဖို့လိုအပ်တာလဲ? IP Address ဆိုသည်မှာ တနည်းအားဖြင့် တည်နေရာ ဖော်ပြချက်ဖြစ်ပါတယ်။ တိတိကျကျအားဖြင့် စာချစ်သူ အသုံးပြုနေသည့် ကွန်ပြူတာသည် မည်သည့်နေရာတွင် ရှိနေသည်ကို ဖော်ပြပေးနိုင်သော ဖော်ပြချက်ဖြစ်သည်။ အချက်အလက်များ တစ်နေရာမှ တစ်နေရာသို့ စီးဆင်းသည့်အခါ အချက်အလက်များသည်သာမက တည်နေရာဖော်ပြချက်များပါ စီးဆင်းသွားခြင်း ဖြစ်သည်။ ထို့ကြောင့် မိမိ၏ တည်နေရာကို မသိစေလိုသည့်အခါ IP Address ကို ဖုံးကွယ်ထားရန် လိုအပ်ခြင်းကြောင့် ဖြစ်သည်။ ဖုံးကွယ်ရန်လိုအပ်သည့် အကြောင်းရင်းများမှာ -
.
• အင်တာနက်အပေါ်တွင် ကိုယ်ပျောက်လူသားအဖြစ် ရပ်တည်နေစေခြင်း
• Web Servers များအပေါ်တွင် ကျန်ခဲ့သော ခြေရာများမှ နောက်ယောင်ခံလိုက်လို့မရအောင် ပြုလုပ်စေလိုခြင်း
• အင်တာနက်အပေါ်တွင် လှူပ်ရှားမှူ့များကို နောက်ယောင်ခံမလိုက်စေလိုခြင်း
• တည်နေရာကြောင့် Blocked ဖြစ်နေသော Websites များသို့ ၀င်ရောက်စေနိုင်ခြင်း
.
စသည်တို့ကြောင့် ဖြစ်သည်။
.
.
IP Address ကို ဖုံးကွယ်နိုင်သော နည်းလမ်း ၃ သွယ်ရှိပါသည်။
.
• VPN များကို အသုံးပြု၍ ဖျောက်ခြင်း
• Proxy Servers များကို အသုံးပြု၍ ဖျောက်ခြင်း
• Hide IP Address Software များကို အသုံးပြု၍ ဖျောက်ခြင်း
.
.
VPN များကို အသုံးပြု၍ ဖျောက်ခြင်း
.
VPN ၏ အရှည်အမည်မှာ Virtual Private Network ဖြစ်သည်။ Point-to-Point Connection ဖြစ်ပြီး အင်တာနက်ကို အသုံးပြုပြီး တဖက်နှင့် တဖက်သို့ အပြန်အလှန်ဆက်သွယ်သည့် နည်းပညာဖြစ်သည်။ VPN အသုံးပြုသူများသည် အတိတကျ သတ်မှတ်ထားသော TCP/IP-based Protocols တနည်းအားဖြင့် Tunneling Protocols များကို အသုံးပြုရမည်ဖြစ်သည်။ Tunneling Protocols ဆိုသည်မှာ - အချက်အလက်များကို အခြားသော Network အတွင်း စီးဆင်းစေကာ ပေးပို့ခြင်းဖြစ်သည်။ VPN သည် Private Network မှ တဆင့် Public Network အတွင်းသို့ ဆက်သွယ်ကာ အင်တာနက်မှတဆင့် အချက်အလက်များကို ပေးပို့ခြင်းဖြစ်သည်။ Private Network ကို ၀င်ရောက်ရန်အတွက် လုံခြုံရေး ကန့်သတ်ချက်များကို ကျော်လွှားရမည် ဖြစ်သည်။ အချက်အလက်များကို တစ်ဦးမှ တစ်ဦးသို့ ပေးပို့ရာတွင်လည်း VPN သည် အချက်အလက်များ စီးဆင်းမှူ့ကို အကာအကွယ်ပေးမည်ဖြစ်သည်။ ထို့အပြင် Hacker များသည် IP Address များကို ဖုံးကွယ်ချင်သည့်အခါမျီုးတွင်လည်း VPN ကို အသုံးပြုကြပါသည်။
.
.
အားသာချက်များ
.
• VPN Service သည် အင်တာနက်အပေါ်တွင် စီးဆင်းလျှက်ရှိသော အချက်အလက်များကို လုံခြုံစိတ်ချစွာ စီးဆင်းစေမည် ဖြစ်သည်။
• VPN Service အသုံးပြုခြင်းနှင့် Hide IP Address တွင် အသုံးပြုသည့် IP Address ဖုံးကွယ်သည့် နည်းလမ်းများမှာ မတူညီပေ။ VPN Service သည် IP Address ကို ဖုံးကွယ်ပေးသည်သာမက အချက်အလက်များ စီးဆင်းမှူ့ကိုလည်း ထိန်းသိမ်းပေးကာ ၀ှက်စာအသွင် စီးဆင်းစေပါသည်။
• ပြောင်းလိုသည့် တည်နေရာကို သို့မဟုတ် ဖုံးကွယ်လိုသည့် IP Address ကို လွယ်ကူစွာရွေးချယ်နိုင်ပါသည်။ ဥပမာ - စာချစ်သူက အမေရိကန် IP Address ကို ရွေးချယ်ချင်ပါက လွယ်ကူစွာ ရွေးချယ်နိုင်ပါသည်။
.
.
အားနည်းချက်များ
.
• ဈေးနှုန်းကြီးမြင့်ခြင်း
• ရှူပ်ထွေးခြင်း
• Networking လုပ်ငန်းများကို သေချာစွာ သိရန် လိုအပ်ခြင်း
.
.
Proxy Servers
.
Proxy Servers ဆိုသည်မှာ အင်တာနက်နှင့် ကွန်ပြူတာကြားတွင် ဆက်သွယ်မှူ့ပြုလုပ်ပေးသော အရာဖြစ်သည်။ အင်တာနက်လမ်းကြောင်းများသည် Proxy Servers ကို ဖြတ်သန်းပြီးသောအခါ IP Address များအဖြစ် ဖြစ်ပေါ်လာပြီး စီးဆင်းသွားကြသည်။ VPN Servers နှင့် မတူသည့်အချက်မှာ Proxy Servers သည် စီးဆင်းသမျှ အချက်အလက်များ အားလုံးကို ၀ှက်စာမသွင်းပေးနိုင်ခြင်းဖြစ်သည်။ Proxy Servers များသည် အင်တာနက်သို့ ချိတ်ဆက်ရန်အတွက် နည်းလမ်း ၂ မျိုး ( Two Different Protocols ) ဖြစ်သော HTTP သို့မဟုတ် SOCKS ကို အသုံးပြုသည်။
.
.
HTTP Proxy Servers
.
HTTP Protocol သည် HTTP ခေါင်းစဉ်တပ်ထားသော လမ်းကြောင်းများ အတွက် ဖန်တီးထားခြင်း ဖြစ်သည်။ HTTP ခေါင်းစဉ်တပ်ထားသော လမ်းကြောင်းများ ဆိုသည်မှာ တနည်းအဖြင့် Websites များတွက် ဖန်တီးထားသော လမ်းကြောင်းများဖြစ်သည်။ http:// သို့မဟုတ် https:// စသည့် Websites လမ်းကြောင်းများဖြစ်သည်။ ဥပမာ - စာချစ်သူမှ Website တစ်ခုသို့ ၀င်ရောက်ရန် Browser တွင် ရိုက်ထည့်လိုက်ပြီး Enter ကို နှိပ်လိုက်သောအခါ တဖက်လိုချင်သည့် Web Server ရောက်ရှိရန်အတွက် HTTP Protocol ဆိုသည့် ကားကြီးကို စီးသွားရမည် ဖြစ်သည်။ HTTP Protocol သည် Websites များ တစ်ခုနှင့် တစ်ခုကူးရန်အတွက် သီးသန့်ဖန်တီးထားခြင်းဖြစ်ပြီး တစ်လိုင်းတည်း အသုံးပြုသည့်အတွက် SOCKS Proxy သို့မဟုတ် VPN Servers တို့ထက် ပိုမိုလျှင်မြန်စွာ အလုပ်လုပ်နိုင်ပါသည်။ ဆိုလိုသည်မှာ ၀န်နည်းခြင်းကြောင့် ခရီးမြန်မြန် သွားနိုင်ခြင်း ဖြစ်သည်။
.
.
အားသာချက်များ
.
• ဈေးနှုန်းသက်သာခြင်း
• IP Address ကို ဖုံးကွယ်ပေးနိုင်ခြင်း
• Web Browser များအားလုံးသည် HTTP Protocol ကို ထောက်ပံ့ပေးထားသည့်အတွက် လွယ်ကူအဆင်ပြေစွာ အသုံးပြုနိုင်မည် ဖြစ်သည်။
.
.
အားနည်းချက်များ
.
• Websites တစ်ခုတည်းအတွက်သာ အသုံးပြုနိုင်ခြင်း
• Flash သို့မဟုတ် JavaScript များမှတဆင့် IP Address အစစ်အမှန်ကို ရှာတွေ့သွားနိုင်ခြင်း
• HTTP လမ်းကြောင်းသည် စီးဆင်းသည့် အချက်အလက်များကို ၀ှက်စာမသွင်းပေးနိုင်ပါ။ ထို့ကြောင့် နိုင်ငံပိုင် စောင့်ကြည့်ရေး စံနစ်များ သို့မဟုတ် စာချစ်သူတို့၏ ISP Provider များသည် စာချစ်သူတို့ အင်တာနက်အပေါ်တွင် မည်သည့် အချက်အလက်များ ပေးပို့ စီးဆင်းနေသည် လက်ခံနေသည် ဆိုတာကို ဖမ်းယူ ကြည့်ရူ့နိုင်မှာဘဲ ဖြစ်ပါတယ်။ တကယ်လို့ HTTP ခေါင်းစီးတပ်ထားသော လမ်းကြောင်းဖြစ်သော်လည်း HTTPS လမ်းကြောင်းဖြင့် အချက်အလက်များ စီးဆင်းမည် ဆိုပါက ဖမ်းယူရရှိမည် မဟုတ်ပေ။ HTTPS မှလာသော IP Address ကို Web Server မှ မှတ်သားထားမည် ဖြစ်သည်။
.
.
SOCKS Proxy Servers
.
SOCKS Proxy Servers များသည် Network လမ်းကြောင်းတစ်ခုတည်းမဟုတ်ဘဲ Network လမ်းကြောင်းအတော်များများကို ထိန်းချူပ်ပေးနိုင်သော Protocol တစ်ခုဖြစ်သည်။ SOCKS Protocol ၏ အားသာသည့် အချက်မှာ မည်သည့် Network လမ်းကြောင်းကိုမဆို ထောက်ပံ့ပေးနိုင်ခြင်း နှင့် ထိန်းချူပ်ပေးနိုင်ခြင်း ဖြစ်သည်။ POP3 , SMTP , IRC Chat , FTP စသည့် မတူညီသည့် လမ်းကြောင်းများကို ထောက်ပံ့ပေးခြင်းနှင့် ထိန်းချူပ်ကန့်သတ်ပေးခြင်းတို့ကို လုပ်ဆောင်နိုင်ပါသည်။ ဘာနှင့်အလားသဏ္ဍန် တူသလဲဆိုတော့ မော်တော်ယာဉ် လိုင်းပေါင်းစုံကို ထိန်းချူပ်ကန့်သတ်ပေးသော မ.ထ.သ နှင့် အလားသဏ္ဍန် ဆင်တူပါသည်။ မည်သည့်ကားလိုင်းကိုမဆို ထိန်းချူပ် ကန့်သတ်ပေးနိုင်ပါသည်။ ကျွှန်တော် တစ်ချိန်တုန်းက လျှံလျှံတောက်ခဲ့စဉ်အခါက SOCKS 5 ကို အသုံးပြုခဲ့ပါတယ်။ ဘာတွေ လျှံလျှံတောက်ခဲ့သည်ဆိုတာ မမေးရ … :D :P … Proxy နှင့် ပတ်သက်ပြီး Proxifier ဆိုသည့် Software တစ်မျိုးကို အသုံးပြုခဲ့တာပါ အဲ့ခေတ်အဲ့အခါတုန်းက Proxifier Software က မြေအောက်လောကမှာ နာမည်ကြီး Software တစ်ခုဖြစ်ခဲ့ပါတယ်။ အဲ့တုန်းက လူတွေတော့ သိမယ်ထင်ပါတယ်။ ဒီလောက်ဆို ကျွှန်တော် ဘယ်ခေတ်လောက်ကတည်းကဆိုတာ စာချစ်သူတို့ ခန့်မှန်းမိကြပါလိမ့်မယ်။ ကျွှန်တော် SQL Injection ကို စလေ့လာနေတဲ့ အချိန်တုန်းက Facebook ဆိုတာကြီးက မြန်မာနိုင်ငံမှာ ခေတ်မစားသေးပါဘူး။ Chat Service များဆိုရင် Google Talk , VZO , Skype , ooVoo , QQ , MIRC , Chat Rooms  စသည်တို့နှင့် Social Media ဆိုလျှင် Blogspot , hi5 ,  Friendster , Myspace , Zorpia စသည့်ခေတ်ဘဲ ရှိပါသေးတယ်။ ကျွှန်တော်တို့ခေတ်က ကောင်မလေးတွေကို ကြောင်ချင်ရင် Friendster တို့ hi5 တို့ Zorpia တို့မှာ ပုံလေးတွေတင် သီချင်းလေးတွေလုပ် စာလေးတွေတင် အဲ့လိုတင်ထား လုပ်ထားတာလေးတွေကို ကိုယ်ကြောင်နေတဲ့ ကောင်မလေးကို မွေးနေ့ သို့မဟုတ် တစ်ခုခု အထိမ်းအမှတ်နေ့မှာ အမှတ်တရအဖြစ် လက်ဆောင်ပေး စတာတွေ လုပ်ခဲ့တာပါ။ ကျွှန်တော်တို့ခေတ်တုန်းက ဖြစ်ပျက်ခဲ့တာကို နှောင်းလူတွေ သိစေချင်တဲ့အတွက် ဗဟုသုတအဖြစ် ဖော်ပြလိုက်ရတာပါ။ ( မှတ်ချက် - ဖွန်ကြောင်နည်း သင်ပေးခြင်းမဟုတ်ပါ… :D :P ) စာချစ်သူလည်း ဒါတွေကို သိမယ်ဆိုရင် အိမ်ထောင်ပြုရမယ့် အရွယ်ကျော်လွန်နေပါပြီ….. :D :P
.
.
အားသာချက်များ
.
• အစိုးရ စောင့်ကြည့်သည့် စံနစ်များနှင့် ISP Provider မှ အချက်အလက်များ စီးဆင်းမှူ့များကို သိရှိနိုင်ရန် ခက်ခဲခြင်း
• မြင့်မားသော ၀ှက်စာစံနစ်ရရှိနိုင်ခြင်း
• အင်တာနက်လှုပ်ရှားမှူ့များအတွက် Anonymity အဖြစ် တည်ရှိနေခြင်း
• လုံခြုံစိတ်ချမှူ့ရှိခြင်း
.
.
အားနည်းချက်များ
.
• ဈေးကြီးခြင်း (ကျွှန်တော်ဝယ်သုံးရခဲ့တဲ့ အချိန်အခါတုန်းကလည်း ဈေးကြီးခဲ့ပါတယ်)
• နှေးကွေးခြင်း
.
.
Website Based Proxy Server
.
Website Based Proxy Server ဆိုတာကတော့ Website များမှ Proxy များပြောင်းလဲပေးနိုင်သော ၀န်ဆောင်မှူ့တစ်ခုဖြစ်သည်။ Website Based Proxy Server ကို အသုံးပြုပြီး IP Address များကို အလွယ်တကူ ဖုံးကွယ်နိုင်ပါသည်။ အသုံးများသည့် Website Based Proxy Server ပေါင်းများစွာရှိသည့်အနက်မှ ကျော်ကြားလှသော Website Based Proxy Server များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
.
www.hidemyass.com
http://hideipfree.com
www.anonymouse.org
.
.
အားသာချက်များ
.
အခမဲ့ရရှိနိုင်ခြင်း
အလွယ်တကူအသုံးပြုနိုင်ခြင်း
မည်သည့် Networking ဗဟုသုတမျှ သိထားရန် မလိုအပ်ခြင်း
.
.
အားနည်းချက်များ
.
လုံခြုံရေးအားနည်းခြင်း
စီးဆင်းသော အချက်အလက်မျာကို ၀ှက်စာအဖြစ် မသွင်းနိုင်ခြင်း
Anonymity အတွက် စွန့်စားမှူ့ တစ်ရပ်ဖြစ်နေခြင်း
.
.
Hide IP Address Software
.
IP Address များကို ဖုံးကွယ်ပေးနိုင်သည့် Software များသည် ယနေ့အချိန်တွင် မြောက်များစွာ ပေါ်ထွက်လျှက်ရှိပါသည်။ Software များသည် အရည်အသွေးပေါ်မူတည်ပြီး လုပ်ငန်းဆောင်တာများ ကွဲပြားနိုင်ပါသည်။ သို့သော် များသောအားဖြင့် Software များသည် IP Address များကို ဖုန်းကွယ်ပေးနိုင်သော်လည်း အချက်အလက်များ စီးဆင်းသည့်အခါ ၀ှက်စာမသွင်း ပေးနိုင်ချေ။
.
.
အားသာချက်များ
• လွယ်ကူစွာရရှိနိုင်ခြင်း
• အခမဲ့ရရှိနိုင်ခြင်း
• လွယ်ကူစွာအသုံးပြုနိုင်ခြင်း
• Networking သဘောတရားများ နားလည်စရာမလိုခြင်း
.
.
အားနည်းချက်များ
• စီးဆင်းသည့် အချက်အလက်များကို ၀ှက်စာမသွင်းပေးနိုင်ခြင်း
• နှေးကွေးခြင်း
• အသုံးပြုနေစဉ်အတွင်း အင်တာနက် ပြတ်တောက်သွားပါက Real IP Address ဖြင့် ၀င်ရောက်သွားနိုင်သည့်အတွက် တဖက် Web Server မှ IP Address အမှန်ကို မှတ်သားသွားစေနိုင်ခြင်း
.
.
နိဂုံးချူပ်
.
ဆောင်းပါတွင် VPN ဖြင့် IP Address များကို ဖုံးကွယ်ခြင်း Proxy ကို အသုံးပြုပြီး IP Address များကို ဖုံးကွယ်ခြင်း နှင့် Hide IP Address Software ကို အသုံးပြုပြီး IP Address များကို ဖုံးကွယ်ခြင်း စသည့် နည်းလမ်း သုံးသွယ်ကို ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ ထို့အပြင် တစ်ခုချင်းစီ၏ အားသာချက်များနှင့် အားနည်းချက်များကိုပါ ဖော်ပြပေးထားသည့်အတွက် စာချစ်သူများအနေဖြင့် အမြင်ရှင်းလင်းမည်ဟု ယူဆပါသည်။ ထိုအထဲကမှ အခြေအနေ အချိန်အခါ လိုအပ်ချက် နှင့် ကိုက်ညီမည့် နည်းလမ်းများကို ရွေးချယ်အသုံးပြုနိုင်ပါသည်။ စာရေးသူအနေဖြင့် အကြိုက်ဆုံးနည်းလမ်းကတော့ VPN ကို အသုံးပြုသည့် နည်းလမ်းဘဲ ဖြစ်ပါတယ်။ ၀ယ်ယူအသုံးပြုရသည့် အတွက် ကုန်ကျစရိတ် ပမာဏ တစ်ခုရှိသော်လည်း အသုံးပြုသူများအတွက် လုံခြုံမှူ့ ပေးစွမ်းနိုင်မည်ဖြစ်သည်။ အသုံးပြုနေစဉ်အတွင်း အင်တာနက်ပြတ်တောက်သွားပါက ဆက်သွယ်မှူ့ကိုပါ တစ်ပါတည်း ဖြတ်တောက်ပေးမည် ဖြစ်သည်။ IP Address များ ဖုံးကွယ်သည့် နည်းလမ်းများသည် မကောင်းသည့် ဘက်တွင်လည်း အသုံးပြုနိုင်ပါသည်။ ဆိုက်ဘာရာဇ၀တ်မှူ့များ ကျူးလွန်သည့် ကိစ္စရပ်များတွင် အသုံးပြုနိုင်ပါသည်။ ကိုယ်ပြုသည့်ကံ ကိုယ့်ထံသာ ပဲ့တင်ပြန်လာပါလိမ့်မယ်။ စာချစ်သူများအနေဖြင့် IP Address ဖုံးကွယ်သည့် နည်းလမ်းများကို ဗဟုသုတရရှိစေရန် ရေးသား ဖော်ပြလိုက်ရပါတယ်ခင်ဗျာ။
 
                                                                                        Credit-->> ကိုရီချင် 


No comments:

Post a Comment