ကွန်ပျူတာမှတဆင့် Raspberry Pi အား Headless ချိတ်ဆက်နည်း
ကျွန်တော့်အနေဖြင့် Raspberry Pi ကို headless အသုံးပြုရန်အတွက် ပထမဆုံး ကွန်ပျူတာ SSH မှ တဆင့် ဝင်ရောက် အသုံးပြုမည် ဖြစ်ပါသည်။ ကွန်ပျူတာမှ တဆင့် SSH ဖြင့် ချိတ်ဆက် နိုင်ရန် Raspberry Pi ၏ ip address ကို သိထားဖို့ လိုပါတယ်။ ၎င်းကို Advanced Port Scanner v1.3 ကို အသုံးပြု၍ ရှာဖွေမည်ဖြစ်ပါသည်။ အင်တာနက်တွင် အခမဲ့ ရယူနိုင်ပြီး SoftPerfect Network Scanner ကဲ့သို့သော အခြား Network scanner များကို အသုံးပြု၍လည်း ရှာဖွေနိုင်ပါသည်။ Advanced Port Scanner ၏ အားသာချက်မှာ Network ထဲတွင် ပေါ်လာသော ip address များ၏ ပွင့်နေသည့် ports များကို သိရှိနိုင်ခြင်းပင် ဖြစ်ပါသည်။ Raspberry Pi အနေဖြင့် SSH port (22) ပွင့်နေသော ip address များထဲမှ တစ်ခုခုပင် ဖြစ်နိုင်ပါသည်။ (များသောအားဖြင့် အခြား ip များတွင် SSH port (22) ဖွင့်ထားလေ့ မရှိပါ)
နက်ဝက်တွင် ချိတ်ထားသည့် Rpi ၏ ip address ကို ရှာဖွေရန် Router ၏ ip
range ကို ပုံတွင် ပြထားသည့်အတိုင်း (1) နှင့် (2) တွင် ထည့်သွင်းပေးပါ။
(3) Scan ကို နှိပ်၍ ခဏစောင့်လိုက်လျှင် နက်ဝက်အတွင်း ရှိသော ip address
များနှင့် ၄င်းတို့၏ ပွင့်နေသော port များ ကို ပြသပေးမည် ဖြစ်ပါသည်။ Open
ports များထဲမှ 22 Open (ssh) ကို ရှာ၍ တွေ့လျှင် Raspberry Pi ကို
ရှာတွေ့ပြီဖြစ်၍ ip address ကို မှတ်သားထားပါ။
Raspberry Pi ကို SSH ဖြင့် ချိတ်ဆက်နိုင်ရန် အင်တာနက်တွင် အခမဲ့ ရယူနိုင်သော PuTTY ဆော့ဖ်ဝဲလ်ကို အသုံးပြုမည် ဖြစ်ပါသည်။
ပထမဦးစွာ Host Name (or IP address) နေရာတွင် မိမိ ချိတ်ဆက်လိုသည့်
Raspberry Pi ၏ ip address ကို ထည့်သွင်းပေးပါ။ ထို့နောက် ဆက်သွယ်မှု
စတင်ရန် Open ကို နှိပ်လိုက်ပါ။ Raspberry Pi ၏ ip address မှန်လျှင်
အောက်ပါပုံအတိုင်း Login ပြုလုပ်နိုင်ပြီ ဖြစ်ပါသည်။
Raspberry Pi ၏ default Login မှာ pi ဖြစ်ပြီး password မှာ raspberry
ဖြစ်ပါသည်။ အောက်ပါအတိုင်း ထည့်သွင်းပေးလိုက်ပါ။
pi@raspberrypi ~ $ ဟူသော prompt ကို တွေ့ရမည် ဖြစ်သည်။
၎င်းတို့အနက် pi သည် username ဖြစ်ပြီး ~ သည် user ၏ directory ကို ရည်ညွှန်းခြင်း ဖြစ်သည်။
ပိုမိုသေချာစေရန် current directory ကို ပြသော pwd ဆိုသည့် command ကို သုံးကြည့်ပါ။
/home/pi ဟု ပြသပေးမည်ဖြစ်သည်။
Raspberry Pi ရဲ့ default user name က pi ဖြစ်ပြီး စကားဝှက်က raspberry ဖြစ်တယ်ဆိုတာ အားလုံး သိကြပြီး ဖြစ်ပါတယ်။ စတင် အသုံးပြုပြီဆိုတာနဲ့ မိမိ Rpi ကို လုံခြုံမှု ရှိစေရန် စကားဝှက်ကို ချက်ချင်း ပြောင်းလဲပေးသင့်ပါတယ်။ ဒီလိုပြောင်းလဲဖို့အတွက် passwd command ကို အောက်ပါအတိုင်း အသုံးပြုနိုင်ပါတယ်။
Update ပြုလုပ်ခြင်း
ပထမဦးဆုံး အသုံးပြုမယ့် Rpi တိုင်းကို update နဲ့ upgrade မဖြစ်မနေ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ အဲဒီလို ပြုလုပ်ဖို့ အတွက် time zone ကို အရင် သတ်မှတ်ပေးရပါမယ်။
Update ပြုလုပ်ဖို့အတွက်တော့ sudo apt-get update လို့ ရိုက်ထည့်ပေးရမှာ ဖြစ်ပြီး upgrade အတွက် sudo apt-get upgrade လို့ ရိုက်ထည့်ပေးရပါမယ်။ အဲဒီ လို လုပ်ဖို့ အင်တာနက်နဲ့ ချိတ်ဆက်ထားဖို့ လိုပါမယ်။ အချိန်အတော်ကြာလဲ စောင့်ရတတ်ပါတယ်။
Update နဲ့ upgrade တွေ ပြုလုပ်ပြီးပြီဆိုရင် နေ့၊ ရက်၊ နာရီတွေ
ပြင်ဆင်ရပါတော့မယ်။ လက်ရှိ နေ့စွဲကို သိရှိနိုင်ဖို့ နဲ့ ပြင်ဆင်နိုင်ဖို့
date command ကို အောက်ပါအတိုင်း အသုံးပြုနိုင်ပါတယ်။
Raspberry Pi Configuration
မဖြစ်မနေ ပြုလုပ်ရမည့် Configureation များကို sudo raspi-config command အသုံးပြု၍ အောက်ပါအတိုင်း လုပ်ဆောင်နိုင်သည်။
ပထမဦးစွာ SD card ၏ capacity ကို အပြည့်အဝ အသုံးချနိုင်စေရန် 1
Expand Filesystem အား ရွေးချယ်ပေးလိုက်ပါ။ ထို့သို့
ရွေးချယ်ပေးလိုက်သည်နှင့် နောက်တစ်ကြိမ် reboot လုပ်အပြီးတွင် SD card ၏
အရွယ်အစားအတိုင်း Filesystem ကျယ်ပြန့်သွားမည် ဖြစ်ပါသည်။
စကားဝှက်ကို
ပြောင်းလဲရန်အတွက် 2 Change User Password ကို ရွေးချယ်နိုင်ပါသည်။
သို့မဟုတ် အထက်တွင် ဖေါ်ပြခဲ့သော passwd command နည်းလမ်းကိုလည်း
အသုံးပြုနိုင်ပါသည်။
3 Enable Boot to Desktop/Scratch ကိုမူ မဖြစ်မနေ ရွေးချယ်ပေးသင့်ပါသည်။
ရွေးချယ်မှု အစီအစဉ်သည် Raspberry Pi ကို မိမိတို့ အသုံးချမည့် အခြေအနေပေါ်
မူတည်၍ စဉ်းစားရွေးချယ်ရမည် ဖြစ်ပါသည်။ boot option များမှာ အောက်ပါအတိုင်း
ဖြစ်ပါသည် -
1 Console Text console, requiring login (default)
2 Desktop Log in as user 'pi' at the graphical desktop
3 Scratch Start the Scratch programming environment upon boot
Console ကို ရွေးချယ်ပါက login ပြုလုပ်ရန် လိုအပ်ပြီး command
များဖြင့်သာ အသုံးပြုနိုင်မည် ဖြစ်သည်။ အားသာချက်မှာ မြန်ဆန်စွာ
လုပ်ဆောင်နိုင်စွမ်းရှိပြီး headless အသုံးပြုမည်ဆိုပါက
ရွေးချယ်သင့်ပါသည်။
Desktop ကို ရွေးချယ်ပါက user 'pi' အနေဖြင့် အလိုအလျောက် login
ပြုလုပ်သွားမည် ဖြစ်ပြီး Graphical User Interface ဖြင့် အသုံးပြုနိုင်မည်
ဖြစ်သည်။ အားနည်းချက်မှာ အသုံးပြုရ အနည်းငယ် နှေးကွေး နိုင်ပါသည်။ ယခုမှ
စတင် အသုံးပြုသူများအနေဖြင့် ရွေးချယ်ပေးသင့်ပါသည်။
Scratch Scratch programming ရေးသားရန် အသင့်အနေအထားဖြင့်
ပွင့်လာမည်ဖြစ်သည်။ အဆိုပါ option ကို အထူးသဖြင့် ကလေးငယ်များအား Scratch
programming သင်ကြားပေးရာတွင် လွယ်ကူလျှင်မြန်စေရန် ရွေးချယ်နိုင်ပါသည်။
4 Internationalisation Options ကတော့ တစ်ခါ ရွေးချယ်ထားပြီးရင် ထပ်မံ
ပြင်ဆင်စရာ မလိုတော့ပါဘူး။ အောက်ပါပုံအတိုင်း option သုံးခု ရှိပါတယ်။
I1 Change Locale
I2 Change Timezone
I3 Change Keyboard Layout
အဲဒီ option တွေထဲမှာ I2 Change Timezone ကို အထက်မှာ ဖော်ပြထားခဲ့တဲ့
sudo dpkg-reconfigure tzdata အစားလဲ အသုံးပြုနိုင်ပါတယ်။ ကျန်တဲ့ option
နှစ်ခုကိုတော့ မလိုအပ်ရင် မပြောင်းလဲဘဲ ထားနိုင်ပါတယ်။
5 Enable Camera ကတော့ Raspberry Pi နဲ့ ကင်မရာ တွဲဖက် သုံးဖို့အတွက် လိုအပ်လာမယ်ဆိုရင် Enable ပြုလုပ်ပေးဖို့ ဖြစ်ပါတယ်။
6 Add to Rastrack ကတော့ မိမိတို့ Raspberry Pi ကို Pi Map မှာ မှတ်ပုံတင်ထားဖို့ အပျော်သဘော သုံးနိုင်ပါတယ်။
7 Overclock Options ကတော့ မိမိတို့ Raspberry Pi ကို သတ်မှတ်ချက်ထက်
ပိုပြီး မြန်မြန်သုံးချင်တဲ့အခါ ပြင်ဆင်နိုင်ပါတယ်။ အောက်မှာ
ဖေါ်ပြထားတဲ့ထဲက Median ကို ရွေးချယ်သင့်ပါတယ်။ Overclocking လုပ်တာဟာ
Raspberry Pi ကို ပူလာစေမယ်ဆိုရင် သတိထားသင့်ပါတယ်။
8 Advanced Options ကတော့ A1 ကနေ A7 အထိ နောက်ထပ် ခုနှစ်မျိုး ထပ်မံ ပါရှိပါတယ်။
A1 Overscan - မော်နီတာမှာ အမဲစင်းတွေ မြင်နေရရင် ချိန်ညှိဖို့ အသုံးပြုနိုင်ပါတယ်။
A2 Hostname - Network ထဲမှာ အသုံးပြုမယ့် Raspberry Pi ရဲ့ နာမည်ကို
သတ်မှတ်ပေးဖို့ အသုံးပြုနိုင်ပါတယ်။ အမည်ပေးရာမှာ a to z, 0 to 9 နဲ့
hyphen (-) တို့ကိုသာ အသုံးပြုရမှာ ဖြစ်ပြီး case-insensitive ဖြစ်တဲ့အတွက်
စာလုံးအကြီးအသေး ကွာခြားမှု မရှိပါဘူး။ Hyphen (-) ကို သုံးတဲ့နေရာမှာလဲ အစ
နဲ့ အဆုံးမှာ သုံးခွင့်မပြုပါဘူး။ အခြား သင်္ကေတတွေ နဲ့ space တွေကို
အသုံးပြုခွင့် မပြုပါဘူး။
Hostname ကို အခြားနည်းလမ်း အသုံးပြု၍လည်း ပြင်ဆင်နိုင်ပါသည်။ ထိုသို့ပြုလုပ်ရန် /etc/hostname ဟူသော configuration file ကို sudo nano /etc/hostname command ဖြင့် ဖွင့်ကာ မိမိပေးလိုသော အမည်ကို အစားထိုး သိမ်းဆည်းလိုက်ရမည် ဖြစ်ပါသည်။ ထို့နောက် sudo /etc/init.d/hostname.sh start ဟူသော command ဖြင့် startup script အား run ပေးလိုက်ခြင်းဖြင့် ပြင်ဆင်မှုများကို အတည်တကျ ဖြစ်သွားစေမည် ဖြစ်သည်။
A3 Memory Split - ကျွန်တော်တို့အနေဖြင့် Raspberry Pi ပေါ်တွင် Memory အား GPU အတွက် မည်မျှ ခွဲဝေပေးမည် ဆိုသည်ကို သတ်မှတ်ပေးရန် လိုအပ်လာမည် ဖြစ်ပါသည်။ လိုအပ်ချက်အပေါ် မူတည်၍ ခွဲဝေပေးရမည် ဖြစ်ပြီး SSH ကို အဓိက သုံးမည်ဆိုပါက Memory အားအတတ်နိုင်ဆုံး အနည်းဆုံး ခွဲဝေပေးသင့်ပါသည်။
A4 SSH - ၎င်းသည် default အနေဖြင့် Enable ပေးထားခြင်းဖြစ်ပြီး SSH အသုံးမပြုလိုသည့် အချိန်တွင် ပိုမိုလုံခြုံမှု ရှိစေရန် Disable ပေးထားနိုင်ပေသည်။
A5 SPI - PiFace ကို အသုံးပြုသည့် အခါမျိုးတွင် လိုအပ်ပါက SPI kernel module အား အလိုအလျောက် loading ပြုလုပ်ပေးနိုင်ရန် Enable ပြုလုပ်ပေးနိုင်ပါသည်။
A6 Audio - အသံနဲ့ ပက်သက်ပြီး HDMI ကနေ ဒါမှမဟုတ် 3.5mm jack ကနေ အသံထုတ်ပေးဖို့ကို ရွေးချယ်ပေးနိုင်ပါတယ်။ မသေချာရင် 0 Auto မှာ ထားလိုက်ပါ။
အထက်ပါ option တွေကို အချိန်မရွေး ပြန်လည် ပြင်ဆင်နိုင်ပါတယ်။ raspi-config ကို ပြန်လည်ခေါ်ယူလိုက်ရုံပဲ ဖြစ်ပါတယ်။
Raspberry Pi - Static IP address ဖြစ်အောင် ပြုလုပ်နည်း
Note: Raspberry Pi ၏ network setting များကို /etc/network folder ထဲရှိ interfaces ဆိုသော text ဖိုင်ထဲတွင် သိမ်းဆည်းထားပါသည်။ မိမိတို့ ပြုပြင်လိုသော network setting များကို အဆိုပါ ဖိုင်ထဲတွင် ပြင်ဆင်ရေးသားနိုင်ပါသည်။ သို့သော် သတိထားရမည့် အချက်မှာ ပြင်ဆင်မှုများ မပြုလုပ်မီ အဆိုပါ မူရင်း interfaces ဖိုင်ကို ပွားယူထားရန်ဖြစ်ပါသည်။
ထိုသို့ ပြုလုပ်ရန်အတွက် ပထမဦးစွာ /etc/network နေရာသို့ ရောက်အောင် သွားရပါမည်။
interfaces ဟူသော ဖိုင်သည် ကျွန်တော်တို့ ပြင်ဆင်ရမည့် ဖိုင်ဖြစ်ပါသည်။ interfaces1 သည် မူရင်းဖိုင်အား ပွားယူထားလိုက်ခြင်း ဖြစ်ပါသည်။ ထိုသို့ ပွားယူရန် sudo cp interfaces interfaces1 ဟူသော command ကို အသုံးပြုထားခြင်း ဖြစ်ပါသည်။ ပြင်ဆင်လိုသည့် interfaces ဟူသော ဖိုင်ကို ဖွင့်ရန် sudo nano interfaces ဟူသော command ကို သုံးပါ။ အောက်ပါအတိုင်း မြင်ရမည် ဖြစ်သည် -
အထက်ပါပုံတွင် အနီရောင်မျဉ်းသားထားသော iface eth0 inet dhcp သည် ကျွန်တော်တို့ လက်ရှိသုံးနေသော Ethernet အား router မှ DHCP ဖြင့် အလိုအလျောက် register ပြုလုပ်ပေးသော IP ကို ရယူ အသုံးပြုရန် သတ်မှတ်ပေးထားခြင်း ဖြစ်သည်။ အဆိုပါ စာကြောင်းကို ပြင်ဆင်ပေးရန် လိုအပ်ပါသည်။ ပထမဦးစွာ လိုအပ်သော သတင်းအချက်အလက်များကို စုဆောင်းရမည် ဖြစ်ပါသည်။ ifconfig ကို အသုံးပြုပါ။
addr:192.168.1.2 သည် Router ၏ DHCP မှ ချပေးထားသော IP Address ဖြစ်ပါသည်။ ၎င်းကို မိမိတို့ အလိုရှိသော IP Address ဖြင့် အစားထိုး ပြောင်းလဲရမည် ဖြစ်ပါသည်။ ထိုသို့ ပြောင်းလဲရာတွင် နောက်ဆုံးအလုံးကိုသာ ပြောင်းလဲရမည်ဖြစ်ပြီး 1 မှ 255 အကြားတွင်သာ ထားရှိရမည် ဖြစ်ပါသည်။ ထို့ပြင် အခြားကွန်ပျူတာများနှင့် IP Address တူညီမှု မရှိစေရန် ကြိုတင် စာရင်းပြုစု စဉ်းစားထားဖို့ လိုအပ်မည်ဖြစ်ပါသည်။ များသောအားဖြင့် 1 သည် server တစ်ခုခု၏ IP Address ဖြစ်နိုင်ချေရှိသလို CPE များ အသုံးပြုထားပါက 254 သည် CPE ၏ IP Address ဖြစ်နိုင်ပါသည်။ ထို့ပြင် Router အများစုတွင် default အနေဖြင့် DHCP တွင် IP Address ကို 100 နှင့် 255 အကြား ချထားပေးရန် သတ်မှတ်ထားလေ့ ရှိပါသည်။ ထို့ကြောင့် static ip ပေးရာတွင် 100 အောက်ရှိ အခြား server များနှင့် လွတ်ကင်းမည့် IP Address ကို သတ်မှတ်ပေးထားရန် အရေးကြီးပါသည်။
Bcast - 192.168.1.255 သည် Broadcast IP Range ဖြစ်ပြီး မှတ်သားထားရန် လိုအပ်ပါသည်။
Mask - 255.255.255.0 သည် Subnet Mask Address ဖြစ်ပြီး မှတ်သားထားရမည် ဖြစ်ပါသည်။
ထို့နောက် လိုအပ်နေသေးသော အချက်အလက်အချို့ ထပ်မံရယူနိုင်ရန် netstat -nr ဟူသော command ကို အသုံးပြုပါမည်။
Destination : 192.168.1.0
Gateway : 192.168.1.1
အထက်ပါ အချက်အလက်အားလုံးကို မှတ်စု စာအုပ်တွင် ရေးမှတ်ထားရမည် ဖြစ်ပါသည်။ Raspberry PI casing ပေါ်တွင်လည်း ရေးမှတ်ထားသင့်ပါသည်။ ထို့နောက် /etc/network/ folder အတွင်းရှိ interfaces ဖိုင်အတွင်း ဝင်ရောက် ပြင်ဆင်ရန် sudo nano /etc/network/interfaces ဟူသော command ကို အသုံးပြုမည် ဖြစ်ပါသည်။
အောက်ပါပုံတွင် အနီရောင် ကွင်းခတ်ထားသော စာသားများသည် static ip ရရှိစေရန် ထည့်သွင်း ပြုပြင်ထားခြင်းပင် ဖြစ်ပါသည်။
address 192.168.1.2
netmask 255.255.255.0
network 192.168.1.0
broadcast 192.168.1.255
gateway 192.168.1.1
Ctrl + X ကို နှိပ်ပြီး ဖိုင်ကို Save လုပ်လိုက်ပါ။ နောက်တစ်ကြိမ် sudo reboot အပြီးတွင် IP Address များကို scan ပြုလုပ်ရန် မလိုအပ်တော့ဘဲ Raspberry Pi ၏ IP Address သည် 192.168.1.2 ဖြစ်သွားမည် ဖြစ်ပါသည်။ ပိုမို သေချာစေရန် ifconfig command သုံး၍ IP Address အား စစ်ဆေးကြည့်ပါ။ ထို့နောက် Gateway Address 192.168.1.1 အား ping ပြုလုပ်၍ အတည်ပြုနိုင်ပါသည်။
Raspberry Pi ပေါ်တွင် TightVNCserver အား install ပြုလုပ်ခြင်း
ယခုအခါ GUI ဖြင့် အသုံးပြုနိုင်ရန်အတွက် tightvncserver ကို install ပြုလုပ်ရမည် ဖြစ်ပါသည်။ အသုံးပြုရမည့် command မှာ sudo apt-get install tightvncserver ဖြစ်ပါသည်။
ထို့နောက် tightvncserver ကို စတင်ရန် အတွက် sudo tightvncserver ဟူသော command ကို အသုံးပြုရမည် ဖြစ်ပါသည်။ ပထမဆုံးအကြိမ် စတင်အသုံးပြုရာတွင် Desktop အား access ပြုလုပ်ရန် စကားဝှက်တောင်းခံလာမည် ဖြစ်ပါသည်။ စကားဝှက်သည် စာလုံးရေ ၈ လုံးထက် မကျော်ရပါ။ View-only password သည် မလိုအပ်သဖြင့် n နှိပ်ကာ ကျော်သွားနိုင်ပါသည်။ ယခုအခါ tightvncserver သည် password သတ်မှတ်ပေးပြီး ချိတ်ဆက်အသုံးပြုရန် အသင့်အနေအထားသို့ ရောက်ရှိလာပြီ ဖြစ်ပါသည်။
Start VNC automatically
Raspberry Pi ပါဝါ ပေးလိုက်တာနဲ့ အလိုအလျောက် tightvncserver ကို အလုပ်လုပ်စေဖို့ လိုအပ်ပါတယ်။ ဒါမှ မဟုတ်ရင် အမြဲတမ်း ssh ကနေ sudo tightvncserver command ကို အမြဲ run ပေးနေကြရမှာပါ။ ဒါကြောင့် tightvncserver အတွက် autorun ဖိုင် တစ်ခု တည်ဆောက်ပါမယ်။
sudo nano /etc/init.d/tightvncserver
# First configure the user you want to run this under - this will generally be pi, unless you've created your own users
export USER='pi'
eval cd ~$USER
# Check the state of the command - this'll either be start or stop
case "$1" in
start)
# if it's start, then start vncserver using the details below
su $USER -c '/usr/bin/vncserver :1 -geometry 1280x800 -depth 16 -pixelformat rgb565'
echo "Starting vncserver for $USER "
;;
stop)
# if it's stop, then just kill the process
pkill Xtightvnc
echo "vncserver stopped"
;;
*)
echo "Usage: /etc/init.d/vncserver {start|stop}"
exit 1
;;
esac
exit 0
နောက်တစ်ခုက အဲဒီ startup file ကို run လို့ ရအောင် အောက်ပါ command သုံးပြီး ပြင်ဆင်ပေးရပါမယ်။
sudo chmod 755 /etc/init.d/tightvncserver
အဲဒီဖိုင်ကို startup sequence ထဲ ထည့်ဖို့အတွက်ကတော့ အောက်ပါ command ကို နောက်ဆုံး run ပေးရပါမယ်။
sudo update-rc.d tightvncserver defaults
အခုဆိုရင် Raspiberry Pi စတက်တာနဲ့ VNC Viewer ကနေတဆင့် ချိတ်ဆက်ရန် အသင့် ဖြစ်နေပါပြီ။
Raspberry Pi ၏ tightvncserver ကို ကွန်ပျူတာမှတဆင့် ဆက်သွယ် ထိန်းချုပ် အသုံးပြုနည်း
TightVNC ဆော့ဖ်ဝဲသည် windows ကွန်ပျူတာပေါ်တွင် viewer သာမက server ပါ တင်ပေးခြင်း ဖြစ်ပါသည်။ ဆိုလိုသည်မှာ windows ကွန်ပျူတာပေါ်မှနေ၍ Raspberry Pi အား ချိတ်ဆက် ထိန်းချုပ် အသုံးပြုနိုင်သလို ၎င်းကွန်ပျူတာကိုလည်း အခြားကွန်ပျူတာ တစ်လုံးပေါ်မှ ချိတ်ဆက် ထိန်းချုပ်အသုံးပြုနိုင်စေရန် ပြုလုပ်ထားခြင်း ဖြစ်ပါသည်။ အောက်ဖေါ်ပြပါ ပုံသည် ၎င်းကွန်ပျူတာအား အခြားကွန်ပျူတာများမှ ချိတ်ဆက် ထိန်းချုပ် အသုံးပြုနိုင်စေရန် server setting များ ပြုလုပ်ပေးရသည့် screen ပုံဖြစ်ပါသည်။
Raspberry Pi နှင့် ချိတ်ဆက်ထိန်းချုပ်နိုင်ရန် ပုံတွင် ပြထားသည့် TightVNC
Viewer ကို ဖွင့်ပါ။ Remote Host နေရာတွင် Raspberry Pi ၏ IP Address:1
ပုံစံ ရိုက်ထည့်ပါ။ ဥပမာ - 192.168.1.2:1 ။ ထို့နောက် Connect ကို
နှိပ်ပါ။
အောက်ပါပုံကဲ့သို့ Vnc Authentication dialog box ပေါ်လာမည်ဖြစ်ပါသည်။
Password နေရာတွင် tightvncserver ကို Raspiberry Pi တွင် ပထမဆုံး run စဉ်က
ပေးထားခဲ့သည့် စကားဝှက်ကို ထည့်သွင်းပေးပါ။
စကားဝှက်မှန်ကန်ပါက ကွန်ပျူတာပေါ်တွင် Raspberry Pi ၏ Desktop ကို ပုံပါအတိုင်း တွေ့မြင် ထိန်းချုပ် အသုံးပြုနိုင်ပြီ ဖြစ်သည်။
iOS သို့မဟုတ် Android devices များမှ တဆင့် Raspberry Pi အား ချိတ်ဆက်နည်း
Raspberry Pi ကို iOS devices ဒါမှမဟုတ် Android devices တွေကလည်း ချိတ်ဆက် ထိန်းချုပ် အသုံးပြုနိုင်ပါတယ်။ iPhone နဲ့ ဖြစ်စေ၊ iPad နဲ့ဖြစ်စေ Android Phone တွေနဲ့ Tablet တွေနဲ့ဖြစ်စေ အသုံးပြုနည်းများကို တင်ပြပေးသွားမှာပါ။
iOS 8
ပထမဆုံး မိမိတို့ iPhone သို့မဟုတ် iPad ရဲ့ App Store ကနေ SSH နဲ့ VNC server တွေကို ချိတ်ဆက်နိုင်ဖို့ app တွေ ရှာဖွေပြီး install လုပ်ထားဖို့ လိုပါမယ်။ လက်ရှိ ကျွန်တော် အသုံးပြုနေတဲ့ app လေးတွေကတော့ SSH အတွက် Serverauditor နဲ့ VNC အတွက် VNC Viewer app လေးတွေပဲ ဖြစ်ပါတယ်။ Apple Application Store မှာ နောက်ထပ် အခမဲ့ရတဲ့ networking apps လေးတွေ အများအပြားရှိပါတယ်။ အောက်က ပုံမှာ app အချို့ကို နမူနာ ပြပေးထားပါတယ်။
Fing
Fing ကတော့ အခြေခံအကျဆုံး app ဖြစ်ပြီး အခြား app တွေနဲ့ပါ ချိတ်ဆက်ပြီး အလုပ်လုပ်နိုင်စွမ်းရှိပါတယ်။ ကျွန်တော် အကြိုက်ဆုံးကတော့ အနီရောင် ကွင်းခတ်ပြထားသလို IP Address နဲ့အတူ Raspberry Pi Foundation ဆိုပြီး ပြသပေးနိုင်တာကြောင့် မိမိတို့ Raspberry Pi ကို အလွယ်တကူ ရှာဖွေနိုင်တာပဲ ဖြစ်ပါတယ်။ အောက်မှာ Fing ကနေ Scan လုပ်ပြထားပါတယ်။
Scan Services မှာ 4 services ဆိုပြီး ပေါ်နေတာ တွေ့ရပါလိမ့်မယ်။ Click ပြုလုပ်လိုက်ပါ။ အောက်ပါပုံအတိုင်း ချိတ်ဆက်နိုင်တဲ့ Services အမျိုးအစားများကို ပြသပေးမှာ ဖြစ်ပါတယ်။
အဲဒီ services လေးမျိုးအနက် သုံးမျိုးကို ချိတ်ဆက်လို့ရပါတယ်။ ဒီဥပမာမှာတော့ 22 ssh နဲ့ 5901 vnc-1 တို့ကို ချိတ်ဆက်ပြမှာ ဖြစ်ပါတယ်။ မြားပြထားတဲ့ နေရာတွေကို click ပြုလုပ်မယ်ဆိုရင် သက်ဆိုင်ရာ app တွေကို ချိတ်ဆက်နိုင်တဲ့ menu တွေ ပေါ်လာမှာ ဖြစ်ပါတယ်။ မိမိ install လုပ်ထားတဲ့ app ကို ရွေးချယ်ပြီး ချိတ်ဆက်နိုင်ပါတယ်ခင်ဗျာ။ ပထမဦးဆုံး ssh ကို ရွေးချယ်မှာ ဖြစ်ပါတယ်။
၎င်းမှာ menu လေးမျိုးရှိတဲ့အနက် Open with ssh ကို ရွေးချယ်ပေးခြင်းအားဖြင့် Serverauditor ရဲ့ Quick Connect အလိုလိုပွင့်လာမှာ ဖြစ်ပါတယ်။ Serverauditor ကို Fing ကနေ ချိတ်ဆက်ခေါ်ယူခြင်း မပြုဘဲ သီးသန့်ခေါ်ယူ အသုံးပြုနိုင်ပါတယ်။
စကားဝှက်ထည့်သွင်းပေးပြီးရင် Connect ပြုလုပ်လို့ရပြီဖြစ်ပါတယ်။ စကားဝှက် မှန်ကန်ခဲ့လျှင် အောက်ပါပုံအတိုင်း Raspberry Pi ရဲ့ command shell ပေါ်လာမှာ ဖြစ်ပါတယ်။ အထက်မှာ ဖေါ်ပြထားခဲ့တဲ့ ကွန်ပျူတာ အသုံးပြု ချိတ်ဆက်စဉ်က process များအတိုင်း update လုပ်ခြင်းနဲ့ tightvncserver အပါအဝင် လိုအပ်တဲ့ software များ install ပြုလုပ်ပေးရပါမယ်။
Raspberry Pi ကို VNC နဲ့ ချိတ်ဆက်နိုင်ဖို့အတွက် Fing ရဲ့ 5901 vnc-1 service ဆိုတာကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။ ထိုအခါ အောက်ပါအတိုင်း vnc ကိုဖွင့်ဖို့ menu နှစ်ခုပေါ်လာတဲ့အခါမှာ Open with vnc ဆိုတာကို ရွေးချယ်ပေးလိုက်ပါ။
VNC Viewer app ပွင့်လာမှာ ဖြစ်ပါတယ်။ ဒါမှမဟုတ် VNC Viewer app ကို သီးသန့်ခေါ်ယူ အသုံးပြုနိုင်ပါသေးတယ်။ Confirmation dialog box မှာ OK ကို click နှိပ်ပေးလိုက်ပါ။
VNC connection ဟာ Encryption ပြုလုပ်မထားဘူး ဆိုတာကို သတိပေးတဲ့ စာတန်းတွေ အောက်ပါအတိုင်း ပေါ်လာပါလိမ့်မယ်။
Connect ကိုသာ ရွေးချယ်ပေးလိုက်ပါ။ VNC connection အတွက် လိုအပ်တဲ့ စကားဝှက်ကို တောင်းခံလာပါလိမ့်မယ်။
စကားဝှက်ထည့်သွင်းပြီး Done ကို နှိပ်လိုက်ပါ။ စကားဝှက် မှန်ကန်သွားလျှင် အောက်ပါအတိုင်း Raspberry Pi ကို ချိတ်ဆက် ထိန်းချုပ် အသုံးပြုနိုင်သွားပြီ ဖြစ်ပါတယ်။
Android OS
APK FOR NETWORKING
SSH, VNC စတာတွေနဲ့ ချိတ်ဆက်ဖို့ လိုအပ်တဲ့ apk များကို Google play store ကနေ ရယူလိုက်ပါ။
ပုံမှာပြထားတဲ့ အတိုင်း apk အများအပြားကို အခမဲ့ ရယူနိုင်ပါတယ်။ ကျွန်တော်တို့ အဓိက အသုံးပြုမယ့် apk နှစ်ခုကတော့ ConnectSSH နဲ့ VNC Viewer တွေပဲဖြစ်ပါတယ်။ ချိတ်ဆက်ပုံ ချိတ်ဆက်နည်း တွေက အထက်မှာ ရှင်းပြခဲ့ပြီးတဲ့ iOS app တွေနဲ့ ဆင်တူပြီး အောက်မှာ ပုံတွေနဲ့ ရှင်းလင်း ပြသပေးထားပါတယ်။ အခုဆိုရင် Android device တွေမှာလည်း Raspberry Pi ကို SSH နဲ့ ချိတ်ဆက်ပြီး အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ အထက်မှာ ဖေါ်ပြထားခဲ့တဲ့ ကွန်ပျူတာ အသုံးပြု ချိတ်ဆက်စဉ်က process များအတိုင်း update လုပ်ခြင်းနဲ့ tightvncserver အပါအဝင် လိုအပ်တဲ့ software များ install ပြုလုပ်ပေးရပါမယ်။ အားလုံး ပြီးစီးသွားတဲ့ အခါမှာ VNC Viewer app ကနေ ချိတ်ဆက်ပြီး ထိန်းချုပ်အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။
SSH ချိတ်ဆက် အသုံးပြုပုံ အဆင့်ဆင့်
VNC ချိတ်ဆက် အသုံးပြုပုံ အဆင့်ဆင့်
နိဂုံး
Raspberry Pi တစ်လုံးအား network ကနေတဆင့် headless အသုံးပြုပုံများကို အတတ်နိုင်ဆုံး ပြည့်ပြည့်စုံစုံဖြစ်အောင် ကြိုးစားတင်ပြပေးထားပါတယ်။ Android ဖုန်းတစ်လုံး ဒါမှ မဟုတ် iPhone တစ်လုံး ရှိရုံနဲ့ Raspberry Pi ကို ချိတ်ဆက် ထိန်းချုပ် အသုံးပြုနိုင်တာကြောင့် မဖြစ်မနေ လေ့လာထားရမယ့် နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ App တွေကတော့ အချိန်နဲ့ လိုက်ပြီး ပြောင်းလဲ တိုးတက်လာနိုင်ပါတယ်။ Raspberry Pi အနေနဲ့လဲ အများကြီး တိုးတက် ပြောင်းလဲလာဦးမှာပါ။ နောင်တစ်ချိန်မှာ Linux သာမက Windows တွေကိုပါ Raspberry Pi ပေါ်မှာ run နိုင်မှာ ဖြစ်ပါတယ်။ အသုံးပြုပုံ နည်းလမ်းတွေ အနည်းငယ် ပြောင်းလဲသွားနိုင်ပေမယ့် ချိတ်ဆက် လုပ်ဆောင်မှု သဘောသဘာဝတွေ ကတော့ တူညီနေဦးမှာ ဖြစ်တယ်ဆိုတာ တင်ပြရင် နိဂုံးချုပ်လိုက်ရပါတယ်။
Dr. အောင်ဝင်းထွဋ်(BluePhoenix)
1. http://www.howtogeek.com/124849/how-to-remote-control-your-home-computer-from-anywhere-with-vnc/#
2. http://www.noveldevices.co.uk/rp-hostname
3. https://learn.adafruit.com/adafruit-raspberry-pi-lesson-7-remote-control-with-vnc/overview
4. http://myraspberrypiexperience.blogspot.co.uk/2012/08/My%20Raspberry%20Pi%20Experience%20%20Start%20VNC%20automatically.html
Credit : Dr. အောင်ဝင်းထွဋ်(BluePhoenix)
No comments:
Post a Comment